တရားသူကြီးများနှင့်တရားရေးအရာရှိများအတွက် စေ့စပ်ဖြေရှင်းရေးအရာရှိသင်တန်းများ ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” နှင့်စပ်လျဉ်း၍ တရားသူကြီးများနှင့် တရားရေးအရာရှိများအား လုပ်ငန်းကျွမ်းကျင်သော စေ့စပ်ဖြေရှင်းရေး အရာရှိများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ကျင်းပသည့် “စေ့စပ်ဖြေရှင်းရေး အရာရှိသင်တန်း (၂၀၂၁ ခုနှစ်)” ဖွင့်ပွဲကို နိုဝင်ဘာလ ၁၇ ရက်၊ နံနက် ၀၉း၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 
ယင်းသင်တန်းတွင် သင်ခန်းစာပို့ချခြင်းအပြင် သဏ္ဌာန်တူစေ့စပ်ဖြေရှင်းရေး (Mock Mediation) လေ့ကျင့်ခန်းဆောင်ရွက်ခြင်းကိုလည်း ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည်။ သင်ခန်းစာပို့ချခြင်း အစီအစဉ်တွင် ADR နှင့် စေ့စပ်ဖြေရှင်းရေး၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး၊ တရားမမှုတွင် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့်လုပ်ငန်းစဉ်၊ စေ့စပ် ဖြေရှင်းရေးဌာနတွင် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်း၊ စေ့စပ်ဖြေရှင်းရေးသဘောတူညီ ချက်ရေးသားခြင်း၊ စေ့စပ်ဖြေရှင်းရေးအရာရှိ၏ကျွမ်းကျင်မှု၊ စေ့စပ်ဖြေရှင်းရေးအရာရှိ ကျင့်ဝတ်အစရှိသည့် ခေါင်းစဉ်အသီးသီးဖြင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ဆွေးနွေးပို့ချကြမည် ဖြစ်သည်။
သဏ္ဌာန်တူစေ့စပ်ဖြေရှင်းရေး (Mock Mediation) လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် သင်တန်း သားများအား အုပ်စုအသီးသီးခွဲ၍ ဆောင်ရွက်မည်ဖြစ်ပြီး၊ အုပ်စုကြီးကြပ်သူများအဖြစ် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်စေ့စပ်ဖြေရှင်းရေးဌာန၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်စေ့စပ်ဖြေရှင်းရေးဌာန၊ ဒက္ခိဏခရိုင်တရားရုံးစေ့စပ်ဖြေရှင်းရေးဌာန၊ တောင်ငူခရိုင်နှင့်မြို့နယ်တရားရုံးစေ့စပ်ဖြေရှင်းရေးဌာနနှင့် တပ်ကုန်းမြို့နယ်တရားရုံး စေ့စပ် ဖြေရှင်းရေးဌာနတို့မှ စေ့စပ်ဖြေရှင်းရေးအရာရှိများက တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်သည်။ 
စေ့စပ်ဖြေရှင်းရေးအရာရှိသင်တန်း (၂၀၂၁ ခုနှစ်) ၏ သင်တန်းအမှတ်စဉ် (၁) ကို နိုဝင်ဘာလ ၁၇၊ ၁၈၊ ၂၀၊ ၂၁ ရက်နေ့များတွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂) ကို နိုဝင်ဘာလ ၂၇၊ ၂၈ ရက်နှင့် ဒီဇင်ဘာလ ၄၊ ၅ ရက်နေ့များတွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃) ကို ဒီဇင်ဘာလ ၁၁၊ ၁၂၊ ၁၈၊ ၁၉ ရက်နေ့များတွင်လည်းကောင်း Video Conferencing စနစ်ဖြင့် ပို့ချသွားမည်ဖြစ်ပြီး၊ ယင်းသင်တန်းအသီးသီးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိ များ စုစုပေါင်း ၄၃၂ ဦး တက်ရောက်ကြမည် ဖြစ်သည်။