တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်   ၉    

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတရားစီရင်ရေး၏ဖွံ့ဖြိုးတိုးတက်မှုနှင့် အားကောင်းမှုအတွက်အခြေခံဖြစ်သည့် ယခင်မဟာဗျူဟာစီမံကိန်း၏အတွေ့အကြုံနှင့် အောင်မြင်မှုတို့အပေါ်အခြေပြု၍ မဟာဗျူဟာစီမံကိန်းအသစ်တစ်ရပ် ရေးဆွဲနိုင်ရန်ရည်ရွယ်၍ “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းအဖွဲ့”နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းဖြင့်ကျင်းပပြုလုပ်သည်။

အဆိုပါ အွန်လိုင်းဖြင့်ကျင်းပပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတရားလွှတ်တော်များမှ တရားရေးဦးစီးမှူးများ၊ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ လက်ရှိမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂ ခုနှစ်) ကို ပြန်လည်သုံးသပ်ရေး၊ မဟာဗျူဟာစီမံကိန်းအသစ် (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးနှင့် ပထမနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၃ ခုနှစ်) ရေးဆွဲရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

တရားစီရင်ရေးဆိုင်ရာရည်မှန်းချက်များနှင့်အညီ တရားစီရင်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်၍ ပထမအကြိမ်သုံးနှစ်တာတရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇ ခုနှစ်) ကို အောင်မြင်စွာအကောင်အထည်ဖော်ပြီးနောက် ဒုတိယမြောက် ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂ ခုနှစ်) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလသည် ၂၀၂၂ ခုနှစ်တွင် ပြီးမြောက်မည်ဖြစ်သည်။